Tuesday, May 11, 2010

ထိုအမယ်အိုအကြောင်း..


အမယ်အိုသည် ရှိနေသည်။ ကျွန်ုပ်တို့၏ အမယ်အို သည် အဲဒီနေရာတွင်ရှိနေဆဲဖြစ်ပါသည်။

ထိုအမယ်အိုသည် တိတ်ဆိတ်သော ကမ္ဘာငယ်လေးထဲတွင် အထီးကျန်စွာ ရှင်သန်နေဆဲဖြစ်ပါသည်။ ဒီအချိန်တွင် အမယ်အို၏ သေးကွေးပိန်လှီလှသော လက်ကလေးဖြင့် တစုံတခုကို မ ၍သော်လည်းကောင်း၊ တွန်း၍သော်လည်းကောင်း ဖြည်းလေးစွာလှုပ်ရှားနေပါလိမ့်မည်။ သို့တည်းမဟုတ် အဆာလွန်နေပြီသော နွမ်းလျလျကိုယ်ခန္ဓာဖြင့်မှောင်ရိပ်သန်းနေသော နံရံထောင့်ချိုးတနေရာတွင်မှီထိုင်ကောင်းထိုင်နေပါလိမ့်မည်။တချိန်ကနက်မှောင်သန်စွမ်းဟန်ရှိခဲ့သော ထိုအမယ်အို၏ ဦးခေါင်းမှ ဆံပင်များသည် ဇရာအမှတ်အသားအဖြစ် ဖြူတချို့၊ နီတချို့ ဖြင့်ကြောင်ကြောင်ကြားကြားအကွက်များလည်းဖြစ်နေခဲ့ပါပြီ..
စားဝတ်နေရေးတည်းဟူသော လူ့လောကလိုအပ်ချက်ကြီးကြောင့် ထိုအမယ်၏ လူသားဖြစ်ခွင့်များလည်း တစ်စစီဆုံးရှုံးခဲ့ပါပြီ.. တချိန်ကစွမ်းခဲ့သောအင်းအားများသည်လည်းကောင်း၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှု သည်လည်းကောင်း၊ မိမိကိုယ်ကိုယ်ယုံကြည်ကိုးစားမှုသည် လည်းကောင်း တိုင်တည်အားထားစရာ မိခင်ကြီးကွယ်လွန်ခဲ့ချိန်မှစတင်၍ ထိုအမယ်အိုအား စွန့်ခွာသွားခဲ့ပါလေပြီ..
ထိုအမယ်အို၏ဘ၀တာသည် အင်မတန်ရိုးစင်းလှပေသည်။ သူ၏ရိုးတာလှသော ဘ၀အခြေအနေကဲ့သို့ပင် သူကိုယ်တိုင်သည်လည်း ခပ်စင်းစင်းပင်တွေး၍ ခပ်စင်းစင်းပင်လုပ်ကိုင်မြဲဖြစ်သည်.. ကျွန်ုပ်တို့၏ ဘ၀နှင့် အတွေးအခေါ်ပြောင်းလဲမှုအတိုင်းပင် ကျွန်ုပ်တို့ကိုယ်တိုင်လည်း ပြောင်းလဲသွားပြီဟုထင်ရပေသည်။ သို့သော်ထိုအမယ်အို၏ရှေ့သို့ကျွန်ုပ်တို့ပြန်ရောက်ချိန်တွင် အတိတ်သည် မိမိတို့နှင့်မည်မျှပင်ဝေးကွာပါစေ၊ ထိုအမယ်အို တည်းဟူသော ခနော်ခနဲ့တံတားလေးဖြင့် ကျွန်ုပ်တို့၏ အတိတ်ဘ၀ကို အလွယ်တကူ ကူးသန်းရောက်ရှိနိုင်ခြင်းလောက် အံ့သြဖွယ်ရာမျိုးမရှိတော့ပေ..

ထိုအမယ်အိုသည် ကျွန်ုပ်တို့၏ပျောက်ဆုံးသွားသော ငယ်ဘ၀ချမ်းမြေ့သာယာမှုများ၏ သက်သေတည်း..
ထိုအမယ်အိုသည် ကျွန်ုပ်တို့၏ကိုယ်ချင်းစာတရားကို မွေးဖွားပေးရာ ရင်ခွင်တစ်ခုပါတည်း..
ထိုအမယ်အိုသည် အတိတ်နှင့် ပစ္စုပ္ပန်ကို ဆက်စပ်ပေးရာ တံတားအိုလေးတစ်စင်းဖြစ်သတည်း..

အမယ်အိုသည်ရှိနေသည်။ ကျွန်ုပ်တို့၏ အမယ်အို သည် အဲဒီနေရာတွင်ရှိနေဆဲဖြစ်ပါသည်။

သင်ရှာလိုလျှင် မှောင်ရီရီနံရံထောင့်ချိုးများတွင် အသေအချာဂရုစိုက်၍ကြည့်ပါ..
ပူလောင်အိုက်စက်သောအချိန်တွင် လေကွယ်သောနေရာများနှင့် ခြင်သံတ၀ီဝီ ဆူညံနေသော နေရာများကိုလည်း အသေအချာကြည့်ပါ..နောက်ဖေးမီးဖိုချောင်မှ တိတ်တဆိတ်ငိုရှိုက်သံကြားလျှင်လည်း အဲဒီနေရာကိုသွားကြည့်ပါ.. ခုံအောက်တွင်ဖွက်ထားသောအင်္ကျီ အနွမ်းလေးများကိုတွေ့လျှင်လည်း ထိုနေရာကိုမှတ်သားထားပါ.. ဆူပူမာန်မဲသံကြားလျှင်လည်း အဲဒီနေရာကို သွားကြည့်ပါ..

အမယ်အိုသည်ရှိနေသည်။ ကျွန်ုပ်တို့၏ အမယ်အို သည် အဲဒီနေရာတွင်ရှိနေဆဲဖြစ်ပါသည်။

လောကတွင်ပြောဆိုနေကြသော စကားအရာများနှင့် လူ့ဝတ္တရားများသည်အမယ်အိုနှင့်မဆိုင်တော့ပါ..
ယုတ်စွအဆုံး စကားပြောခြင်းအရာသည် နားထောင်မည့်သူမရှိ၊ အလေးထားသူမရှိသောအချိန်တွင် အကြင်သူအတွက်အသုံးဝင်ပါဦးမည်လော.. ထို့ကြောင့် အမယ်အို သည်နောက်ပိုင်းတွင် စကားမပြောတော့ပါ.. မပြောမဖြစ်၍ပြောရမည်ဆိုလျှင်လည်း အဆင်မချောတော့ပါ..
ငိုကြွေးခြင်းကို အပြစ်တစ်ခုအဖြစ်ယူဆသော ပတ်ဝန်းကျင်တွင် အမယ်အို၏မျက်ရည်များသည်လည်း ခန်းခြောက်သွားပါတော့သည်.. သန်းခေါင်ယံအချိန်လူမသိသူမသိ မိုးထစ်ချုန်းရွာသကဲ့သို့ အမယ်အိုလည်း လူခြေတိတ်ချိန်တွင် မျက်ရည်လူးသောအိပ်မက်ဆိုးများကို တစ်ယောက်တည်းမက်ခဲ့သည်မှာလည်းကြာခဲ့ပါပြီ.. တစုံတရာဝေဒနာကြောင့်ညည်းတွားဖွင့်ဟခွင့်မရသောဘ၀တွင် အပူရုပ်ကိုဟန်လုပ်ပြီး ကြုံလှီသေးငယ်သော ခန္ဓာဝန်ကို ညအိပ်ယာဝင်ချိန်ရောက်သည်အထိ သည်းခံစောင့်ရှောက်ရင်း တကိုယ်တည်းလည်း ညည်းတွားတတ်ခဲ့ပါပြီ.. ပျောက်ဆုံးနေသော အနာဂတ်အတွက်ကြောင့်ကြမဲ့နေရင်း အတိတ်၏အရိပ်မှာ ကျင်လည်ကျက်စားနေသောအာရုံတွေကြောင့်လည်း အမေ့မေ့လျော့လျော့လည်းဖြစ်နေခဲ့ပါပြီ.. ထားရာနေ၊ စေရာသွားဘ၀တွင် အသားကျနေသောကြောင့် ဘယ်အရာမဆို (သက်ရှိ၊ သက်မဲ့) အပါအ၀င် မိမိထက်တန်ဖိုးရှိပြီး အသုံးဝင်သည်ဟူသော သိမ်ငယ်စိတ်၏ ဒါဏ်ကြောင့် လောကကိုလည်းနှိမ့်ချမှုအပြည့်ဖြင့် ရင်ဆိုင်တတ်ခဲ့ပါပြီ.. မိမိလုပ်သမျှအမှားတွေသာဖြစ်လိမ့်မည်ဟူသောစိုးရိမ်စိတ်ကြောင့် ကြီးကြီးငယ်ငယ် လူတကာ၏ ဦးဆောင်မှုကို ခေါင်းငိုက်စိုက်ဖြင့်လိုက်နာတတ်နေပါပြီ..

အမယ်အိုသည် ရှိနေသည်။ ကျွန်ုပ်တို့၏ အမယ်အို သည် အဲဒီနေရာတွင်ရှိနေဆဲဖြစ်ပါသည်။

Read More...

Thursday, April 29, 2010

အချိန်


ကဲ .. သူငယ်ချင်းတို့ရေ.. ခေါင်းစားတယ်လည်းမထင်ပါနဲ့..ကိုမုတ်ဆိုး
်တစ်ယောက်ရူးသွားပြီလို့လည်းမထင်ပါနဲ့.. ကျွန်တော် ကိုမုတ်ဆိုးကတော့
မေးလိုက်ပြီဗျာ.. ဒီလောကကြီးမှာ အချိန်ဆိုတာရှိပါသလား တဲ့..
ဆွေးနွေးချက်လေးတွေအမြန်တင်ပေးကြပါ.. ခေါင်းစဉ်ကိုကြည့်ပြီး
ဦးဏှောက်ခြောက်မသွားခင် ကျွန်တော့်ကို အချိန်ဆိုတဲ့ အရာရှိကြောင်း
သက်သေပြဖို့ကြိုးစားပေးကြပါဦး.. ကျေးဇူးတင်ပါတယ်..အချိန်ဆိုတာဘာလဲတွေးနေရင်းနဲ့ အချိန်ပျောက်သွားလို့ဗျို့..

၁) ပြက္ခဒိန်က စာရွက်တွေ တစ်ရွက်ပြီး၊ တစ်ရွက်ကုန်သွားတာ အချိန်လား..
၂) နာရီလက်တံက တရွေ့ရွေ့သွားနေတာအချိန်လား..
၃) မွေး၊အို၊နာ၊ သေ ဆိုတဲ့ဖြစ်စဉ်ဟာ သဘာဝလား၊ အချိန်ကြောင့်လား..
၎) ရာသီတွေသူဟာသူပြောင်းလဲမှုတွေကို လူလောက က ပညတ်တင်ပြီး ရက်၊ လ နှစ်တွေနဲ့ပိုင်းခြားတာ အချိန်လား..
၅) ကာလသုံးပါး ဟာအချိန်လား၊ ဒါမှမဟုတ် ၀ိတက်၊ ၀ိစာရ (ကြံစည်၊ တွေးတောမှု)လား..
၆) ရေတွက်မှုတွေနဲ့အချိန်ရှိကြောင်း သက်သေပြလို့ရပါသလား..
၇) ဖြစ်တာရှိရင်ပျက်တာရှိမယ်၊ ပူပြီးအေးမယ်၊ စိုပြီးရင်ခြောက်မယ်၊ အဲလိုသွားနေတဲ့ကြားဖြစ်စဉ်ကို သညာ(အခေါ်အဝေါ်) လုပ်ဖိုအတွက်သာ လူတွေ က အချိန်ဆိုတဲ့ ဖြစ်စဉ်ရေတွက်မှုကို တီထွင်ခဲ့သလား..
၈) ရန်ကုန်ကနေ စင်ကာပူကို လေယာဉ်စီးတာ ၃ နာရီကြာတယ်ဆိုပါစို့.. အဲဒီသုံးနာရီဟာ (လူတွေထွင်ထားတဲ့) နာရီလက်တံသုံးပတ်ပြည့်ခြင်းသာဖြစ်ပြီး အဲဒါကိုပဲ အချိန်လို့ခေါ်သလား..
၉) မိုးလင်းကနေမိုးချုပ်ကြားကာလမှာ လုပ်စရာရှိတာကိုစနစ်တကျ လုပ်ဖိုအတွက် နာရီတွေကို အသုံးပြုတာဆိုရင် အချိန်ဆိုတာရှိပါ့မလား..

အားလည်းနာတယ်.. မှတ်ချက်ကလေးတွေကိုလည်းကြည့်ချင်တယ်.. ကျွန်တော့်ရေးထားတဲ့ အချက် (၁)ကနေ(၉) ကို သေသေချာချာသဘောပေါက်မှ မှတ်ချက်ရေးစေချင်ပါတယ်.

Read More...

Friday, April 16, 2010

မုတ်ဆိုးဘလော့ဂ်အား မုတ်ဆိုး မှတောင်းပန်ခြင်း

ခင်ဗျားကိုဆက်ပြီးမစောင့်ရှောက်၊ မမွေးမြူနိုင်ပဲ ပစ်ထားမိတဲ့တွက်တောင်းပန်ပါတယ်
ခင်ဗျားတင်လားဆိုတော့ မဟုတ်ပါဘူး.. ကျုပ်ရဲ့ကိုယ်ရေး၊ ကိုယ်တာတွေ အားလုံးကိုပါ ပစ်ထားခဲ့ရတာပါ..
မလာဖြစ်တဲ့ ကာလတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်..
ဘယ်လောက်တောင်ပင်ပန်းသလဲဆိုတာတော့ ပြောမနေတော့ပါဘူး..
ဘာတွေလုပ်နေတာလဲ လို့တော့မမေးပါနဲ့တော့.. ကျွန်တော်မဖြေချင်ဘူး..ရှက်စရာကောင်းတဲ့ ကျုပ်မုတ်ဆိုးကြောင့် ခင်ဗျားမျက်နှာငယ်နေရပြီ.. အဲဒီအတွက်တောင်းပန်ပါတယ်..
ခင်ဗျားသာ အိမ်တစ်လုံးဆိုရင်တော့ ဖုန်အလိမ်းလိမ်း ကပ်ညိနေရောပေါ့.. ခင်ဗျားရဲ့ခြံဝန်းထဲမှာလည်း မြက်ပင်၊ ပေါင်းပင်တွေက ထိုးထိုးထောင်ထောင်နဲ့.. ကျုပ်အရင်တုန်းက လူသူမရှိတာကြာတဲ့ အိမ်တစ်အိမ်ကို ရောက်ဘူးတယ်ဗျ.. သူစိန်းဆန်လိုက်ပုံများတော့ ပြောမနေပါနဲ့တော့.. လူငွေ့နဲ့ဝေးနေတဲ့.. သစ်ပင်တွေ၊ အိမ်တံခါးရွက်တွေ၊ ထုတ်တန်းတွေကအစ ကျုပ်ကိုစိမ်းစိမ်းဝါးဝါးကြည့်နေလိုက်တာများ.. အသည်းငယ်သူသာဆို ဒူးတုန်လောက်ကဲ့.. လူသူကင်းဝေးတဲ့အိမ်၊ အထူးသဖြင့် စွန့်ပစ်ခြင်းကိုခံရတဲ့ အိမ်တွေဟာ ရိုင်းနေတတ်တယ်ဗျ.. အဲဒီ့ရိုင်းစိုင်းမှုက သွေးအေးလူသတ်သမားလိုပဲ.. စိန်ပြေနပြေနဲ့ကို ခင်ဗျားကိုတဖြေးဖြေးနှိပ်စက်တော့မှာ.. ဒါကြောင့်လည်း မုတ်ဆိုးဘလောဂ်ဒေါ့ကွန်း ရေ.. ကျုပ်ခင်ဗျားဆီကို ပြန်လာရမှာကြောက်နေတယ်ဗျာ.. လျှပ်တပြက်လေး လာလာချောင်းကြည့်တာကလွဲလို့ ကြာကြာနေရဲတဲ့အထိ သတ်တိ မွေးလို့မရဘူး.. နောက်ဆုံးမှာတော့ ခင်ဗျားကိုရင်ဆိုင်ဖို့ကျုပ်ဆုံးဖြတ်ခဲ့တယ်.. ခင်ဗျားမျက်နှာကို စေ့စေ့ကြည့်ဖို့ ကျုပ်အားမွေးတယ်.. အခုချိန်ရောက်မှတော့ ခင်ဗျားနဲ့ရင်ဆိုင်ဖို့ကျုပ်နောက်ဆုတ်လို့မရတော့ဘူး.. ခင်ဗျားခွင့်လွတ်ဖို့ ကျုပ်မုတ်ဆိုးက အနူးအညွတ်တောင်းပန်ပါတယ်.. ဖုန်အလိမ်းလိမ်းတက်နေတဲ့ ခင်ဗျားကို ကျုပ်သေသေချာချာသန့်စင်ပေးပါ့မယ်.. ခြံထဲကမြက်ပင်၊ ပေါင်းပင်တွေကိုလည်း ရိပ်သင်ဖြတ်ညှိပေးပါ့မယ်ဗျာ.. ကျုပ်တတ်နိုင်တာမှန်သမျှ အကုန်လုပ်ပေးပါ့မယ်.. ခင်ဗျားက ကျုပ်ဘ၀ဟောင်းလေးကို ပြန်ပေးယုံပါပဲ.. ကျုပ်ဘ၀ဟောင်းလေးကို လွမ်းလှပြီဗျာ.. တခါတလေမှ ရှားရှားပါးပါးလာတတ်တဲ့ ဧည့်သည်တွေကိုလည်း လွမ်းတယ်.. ကျုပ်ကိုခွင့်လွှတ်ပါ မုတ်ဆိုးဘလော့ဂ်ဒေါ့ကွန်း ရယ်.. ကျုပ်ပစ်ထားမိခဲ့ပါတယ်.. ကျုပ်အကြောက်ဆုံးနေရာကို ခင်ဗျားရဲ့သည်းခံမှုကိုရဖို့ အရဲစွန့်ပြီး လာခဲ့ရတာပါဗျာ.. နောက်မကျသေးပါဘူး.. ခင်ဗျားနဲ့ကျွန်တော် မိတ်ဆွေပြန် ဖြစ်နိုင်ပါသေးတယ်.. ထပ်ပြီးကြိုးစားကြည့်ရအောင်ဗျာ.. အခိုင်မြဲဆုံးမိတ်ဆွေတွေဖြစ်ဖို့ အခွင့်အရေးတွေကျန်ပါသေးတယ်ဗျာ.. နော..

Read More...

Wednesday, February 4, 2009

ကောင်းနေရင်ကျေနပ်တယ်၊ အထွေထွေမလိုဘူး..

အချိန်ကတော့ ၁၉၉၉ ဇန်န၀ါရီလ လောက်မှာပေါ့၊ ကျွန်တော်တို့အဆောင်နေကျောင်းသားဘ၀တကယ့်ဒိပ်ဆိုတဲ့ ကျောင်းသားလူဆိုးလေးတွေစုနေတဲ့ အဆောင်ကို စိတ်ရွက်လှေ လို့နာမည်ပေးထားကြတယ်၊ အကုန်လုံးက အင်ဂျင်နီယာလောင်းလျာတွေပီပီ ဘာမဆိုလက်တွေ့မှ ယုံကြတာကလား၊ ဘယ်လောက်တောင်လက်တွေ့ကြသလဲဆိုရင် အရက်မူးမမူးသိချင်လို့ သောက်ကြည့်ရတာနဲ့၊ ကောင်မလေးများပြန်ကြိုက်မလားလို့ သွားသွားဂေါ်ရတာနဲ့၊ ပျော်ဖို့ကောင်းမလားဆိုပြီး ခဏခဏကျောင်းပြေးကြည့်ရတာနဲ့ လက်တွေ့ကျကျဘ၀ကိုရင်ဆိုင်နေတာပေါ့ဗျာ၊ ဒါနဲ့ပြောရဦးမယ်.. ကျွန်တော်တို့နေတဲ့အဆောင်ပိုင်ရှင်က ရပ်ကွက်လူကြီးဗျ၊ သိပ်သဘောကောင်းတယ်၊ စကားပြောရင်လည်း ကျွန်တော်တို့ကို သားလို့ခေါ်ပြီး သူ့ကိုယ်သူ လေးလေး လို့သုံးတယ်၊ အသက်ကတော့ကြီးရှာပြီဗျ၊ အဲဒီအချိန်တုန်းကတောင် ၅၀ ကျော်လောက်ရှိပြီ၊ သူ့မိန်းမနာမည်က မလှ လို့ခေါ်တယ်၊ သူ့ထက်ငယ်တယ်ဗျ၊ အသက် ၃၈ လောက်တော့ရှိမယ်၊ သိပ်သဘောကောင်းတာပဲ၊ ကျွန်တော့်တို့ကတော့ သူ့ကို အစ်မ လို့ခေါ်တယ်၊ အလုပ်နဲ့လက်လည်းပြတ်တယ်လို့ကိုး မရှိဘူး၊ တောက်တောက်နဲ့လုပ်နေတာပဲ၊ အဲ- ကလေးလည်း သုံးယောက်ရှိတယ်ဗျ၊ သူတို့ကကျွန်တော်တို့နဲ့အတူတူ မနေပါဘူး၊ ကျွန်တော်တို့ကို အဆောင်အဖြစ်သတ်မှတ်ပေးထားတဲ့ သစ်သားနှစ်ထပ်အိမ်ကြီးရဲ့ နောက်မှာ မြေစိုက်တဲကြီး တစ်လုံးထိုးပြီးနေကြတယ်၊ အဲ- သူတို့ရဲ့တဲရှေ့မှာပဲ မီးဖိုကိုပြင်ပြီး ထမင်း၊ ဟင်း ကိုအဲဒီနေရာမှာ ပဲချက်တယ်၊ ကျွန်တော့်တို့ကတော့ ဗိုက်ဆာရင် မလှ တို့တဲကိုသွားပြီး မရှိရှိတာရှာဖွေစားသောက်ကြတာပါပဲ၊ အဲဒီလောက်အထိကိုရင်းနှီးပါတယ်၊ ကြာလာတော့လည်းတစ်ကယ့်မိသားစုတစ်ခုလို ရင်းနှီးသွားပါတော့တယ်၊ ကျွန်တော်နေတဲ့အခန်းက အပေါ်ထပ်မှာရှိတယ်ဗျ.. ပြတင်းပေါက်တစ်ပေါက်လည်းရှိတယ်.. ပြတင်းပေါက်ဘောင်မှာလည်း “ကောင်းနေရင်ကျေနပ်တယ်၊ အထွေထွေမလိုဘူး” ဆိုတဲ့စာတစ်ကြောင်း လည်းရှိတယ်ဗျ၊ ကျွန်တော်တို့ရောက်ခါစက ဒီစာနဲ့ပတ်သက်ပြီးအချင်းချင်းအငြင်းပွားကြသေးတယ်.. ကိုယ်တတ်နိုင်တဲ့ဘက်နေပြီး Defination ဖွင့်ကြတာပေါ့ခင်ဗျာ၊ သူငယ်ချင်းတစ်ယောက်က ကိုယ်ကျင့်တရားကောင်းနေရင် လိုအပ်ချက်ဘာမှမရှိတော့လောက်အောင်ကျေနပ်စရာကောင်းကြောင်း ဖွင့်ဆိုတယ်၊ ပြီးတော့ ဒီစာရေးတဲ့သူဟာ သူတော်ကောင်းသော်လည်းကောင်း၊ ပညာရှိသော်လည်းကောင်း ရေးခဲ့တာဖြစ်မယ် ဆိုပြီးမှတ်ချက်ပေးတယ်၊ အဲဒီအချိန်မှာ အင်မတန်မှကို မျက်လုံး၊ မျက်ဆန်သေးတဲ့ အာကာဆွေ ဆိုတဲ့သူငယ်ချင်းတစ်ယောက်က ၀င်ပြောပြန်တယ်၊ “မင်းတို့တွေတော်တော် အ သေးတာပဲ၊ အဲဒါမလှရေးထားတာဖြစ်မယ်ကွ၊ တခါတခါ လေးလေး ကမူးလာရင်သွေးဆိုးတယ်မဟုတ်လား၊ မလှကိုရိုက်လား၊ နှက်လားလုပ်တတ်တယ်လေ၊ဒါကြောင့် ကောင်းကောင်းနေရင် ကျေနပ်ပါပြီဆိုပြီး မလှ ကပါးစပ်နဲ့မပြောပဲ စာနဲ့ရေးထားတာကွ” သြော်-သူပြောတာပဲ ဟုတ်တော့မလိုလို။
မြစ်ကြီးနားကကိုဇော်ကြီးကတစ်မျိုး၊ သူကဒဿနဆန်ဆန်ဝေဖန်တတ်သူလေ.. မျက်မှောင်လေးကို ကြုတ်လိုက်သေးတယ်၊ စကားကိုရုတ်တရက်မပြောသေးဘူး၊ ပြီးမှတစ်လုံးချင်းပြောတယ် ၊ “တကယ်တော့..ဒီစကားလုံးလေးရဲ့အနက်က အင်မတန်ကျယ်ပြန့်လွန်းတယ်.. ငါ့အနေနဲ့ငါနားလည်ထားသလောက် ပြောပြရင်တောင် လုံလောက်မယ်မထင်ဘူး.. နုတ်တရာ၊ စာတစ်လုံးဆိုတဲ့စကားအတိုင်းပဲ သူရဲ့အကျိုးပေးက ခေမာသောင်ကမ်း နိဗာန်လမ်းအထိရောက်အောင် မျက်စပစ်ထားတဲ့ စာစုကလေးကွ၊ ဥပမာကွာ-ကောင်းတယ်ဆိုတဲ့နေရာမှာ ကုသိုလ်အလုပ်ကိုပြောတာကွ၊ အထွေထွေဆိုတာက ဗာဟီရကိစ္စတွေ ကိုပြောတာ၊ ဘာကြောင့်လဲဆိုတော့ အတောင်သာလျှင်ဝန်ရှိသောငှက်လို ရဟန်းတွေကိုဗာဟီရကိစ္စ နည်းရမယ်လို့မြတ်စွာဘုးရားကဆုံးမခဲ့ဘူးတယ်၊ ဒါကြောင့်- မမေ့မလျော့မပေါ့မဆပဲ သတိကောင်းကောင်း နဲ့ဖြစ်ပျက်ဆင်ခြင်နိုင်ရင် နိဗ္ဗာန်ရောက်ဖို့အလွယ်လေး ဆိုပြီးသွယ်ဝှိက်သွန် သင်ထားတာကွ”ဟု ရှည်ရှည် လျားလျားရှင်းပြတယ်..နောက်ဆုံး လေးလေးတို့၊ မလှတို့ကို မေးတော့သူတို့လည်းရေ့းတာမဟုတ်ရပါဘူးတဲ့၊ နောက်မှ မလှရဲ့တူ(မောင်ဥာဏ်) တစ်ယောက် ရောက်လာလို့စကားစပ်ရင်း မေးကြည့်တော့မှ အဖြေပေါ်တော့ တယ်ဗျာ၊ ဒီလိုဗျ- တစ်ညနေ ကျွန်တော်တို့သူငယ်ချင်းတွေ ခြံရှေ့ကခုံတန်းမှာ စုပြီးစပ်မိ၊ စပ်ရာတွေပြောနေတုန်း အဲဒီစကားနားရောက် သွားတယ်ဗျို့၊ ထုံးစံအတိုင်းငြင်းကြ၊ ခုန်ကြဖို့လိုပ်တုန်း အနားမှာ မယောင်မလည်နဲ့ရပ်နေတဲ့မောင်ဥာဏ်လည်း နားစွန်၊ နားဖျားကြားဟန်တူပါရဲ့၊ ကျွန်တော်တို့ကို မေးစမ်း တော့တာပဲဗျို့၊ အဲဒီတော့ကျွန်တော်တို့ကလည်း ဒီလိုပါကိုဥာဏ်ရယ်၊ ကျွန်တော့်အိပ်ရာခေါင်းရင်းပိုင်းမှာ မြေဖြူတောင့်နဲ့ရေးထားတဲ့“ကောင်းနေရင်ကျေနပ်တယ်၊အထွေထွေမလိုဘူး”ဆိုတဲ့ စာအကြောင်းကိုပြော နေတာပါ” ဆိုတော့မှအဲဒီအခါမှာ ကိုဥာဏ် ရုတ်တရက်မျက်နှာပျက်သွားပြီး “သြော်ဒါလား၊ သိချင်မနေပါနဲ့ဗျာ၊ အချိန်ကုန်ပါတယ်” လို့ပြောပါတယ်၊ ကျွန်တော့်တို့ကလည်း သိရင်ပြောပြပါရန် အတန်တန်တောင်းပန်တော့မှ အောက်ပါအတိုင်းပြောပြပါတော့တယ်။“ဟဲ..ဟဲ..ပြောရရင်လည်းရှက်ဖို့ကောင်းပါတယ်ဗျာ၊ ကျွန်တော်ခင်ဗျားတို့မရောက်ခင်အရင်ကဒီအိမ်မှာနေသေးတယ်ဗျ၊အဲဒီစာဟာကျွန်တော်ကိုယ်တိုင် ရေးထားတာပါပဲ၊ ရေးရတာကလည်းဒီလိုရှိတယ်ဗျ၊ အဲဒီတုန်းကကျွန်တော်အရက်တော်တော် သောက်ဖြစ်တယ်၊ နေ့စားလုပ်လို့ ရသမျှအကုန်သောက်ပစ်တာပါပဲဗျာ..နောက်ဆုံး အရက်သောက်ဖို့အလုပ်လုပ်သလိုဖြစ်နေတော့ အဒေါ်(မလှ) ကပူညံ၊ ပူညံလုပ်တော့တာပဲ.. ကျုပ်ကလည်းလူငယ်ဆိုတော့ ဆူလေ၊ အရွဲ့တိုက်လေကိုးဗျ.. အဲဒီလိုဖြစ်နေတုန်း ကျွန်တော့်မိန်းမ သူများနဲ့ပါသွားပြန်တယ်.. ကျုပ်ကသူ့ကိုရွာမှာထားခဲ့တာလေဗျာ.. အဲဒီမှာပိုဆိုးတော့တာပေါ့ဗျာ..မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်းငြိဆိုသလို ဒါကိုရမယ်ရှာပြီးသောက်လိုက်တာ ရောင်းစရာ၊ ပေါင်စရာတောင်မရှိတော့ပါဘူးဗျာ.. တစ်နေ့ကျုပ်လည်း သောက်စရာရှာဖို့ ပေါင်စရာ အတိုအစလေးတွေ ရလိုရငြား အိပ်ကြို၊ အိပ်ကြားလျှောက်နှိုက်နေတုန်း မြေဖြူတစ်တောင့်ကောက်ရတာနဲ့.. ဘာမှမရှိရင်လည်းနေပါစေ၊သောက်လို့မူးနေရင်ပြီးတာပဲ၊ ဘာမှသောက်ဂရုမစိုက်ဘူး ဆိုပြီးခေါင်းထဲမှာပေါ်လာတဲ့အတိုင်း “ကောင်းနေရင်ကျေနပ်တယ်၊ အထွေထွေမလိုဘူး” ဆိုပြီး စိတ်ပေါက်ပေါက်နဲ့ ရေးလိုက်မိတော့တာပါပဲခင်ဗျာ..(ကျောင်းတုန်းက ဖြစ်ရပ်မှန်လေးတစ်ခုပါ..)

Read More...

Wednesday, November 19, 2008

သူငယ်ချင်းချော့ပုံပြင်


ရန်ကုန်မှာတုန်းကကျွန်တော့်ဆီကိုညနေတိုင်းအလုပ်ဆင်းချိန်မှာဝင်လာတတ်တဲ့သူငယ်ချင်း တစ်ယောက် ရှိတယ်..ITလောကမှာကျင်လည်နေရသူပီပီအာရုံကြောတွေ အမြဲတမ်းတင်းတောင့်နေတဲ့ပုံကပေါ်လွင်နေ တယ်.. ခပ်ဖိုင့်ဖိုင့်ကိုယ်ခန္ဓာကအလုပ်လုပ်ချိန်မှာ လေထိုးထားတဲ့ပူစီပေါင်းလိုတင်းပြည့်နေပေမယ့် အလုပ် ဆင်းလာချိန်မှာ လက်နဲ့အထိခံရတဲ့ထိကရုန်းပင်လို ခွေယိုင်ညှိုးချုံးလျက်.. ၃၉ လမ်း အောက်ဘလောက်မှာရှိတဲ့ ကျွန်တော့အလုပ်ခန်းလေးထဲကို ဒယီးဒယိုင်နဲ့ ရောက်လာပြီး ဘယ်တော့မှအလွယ်တကူရလေ့မရှိတဲ့ တောင်းဆိုချက်တွေ တောင်းပါတော့တယ်.. ကျွန်တော်ကသူ့ကို ဘော်ဒါကြေးမှန်မှန် ပေးသင့်ကြောင်း၊ ညနေပိုင်းဗိုက်ဆာလာချိန်မှာ ၀က်သားဒုတ်ထိုး(အ၀)လိုက်ကျွေးသင့်ကြောင်း၊ အဲယားကွန်ဒစ်ရှင်းဖွင့်ဖို့ အရေးအတွက် မီတာခကိုမချွေတာသင့်ကြောင်း၊ ယခုလက်ရှိအလုပ်ကထွက်တော့မယ့်အကြောင်း (သူကရန်ကုန်မြို့ရဲ့အထင်ကရကွန်ပျူတာသင်တန်းကျောင်းကြီးတစ်ခုမှာ Software Engineer အဖြစ်အလုပ်လုပ်နေပါတယ်)စတဲ့ ဖွင့်နေကြဓါတ်ပြားဟောင်းကြီးကို အကြိမ်တစ်သောင်းမြောက် ထပ်ကာ၊ ထပ်ကာဖွင့်ပါတော့တယ်.. ချူသံ၊ ပုလွေသံ၊ နှဲသံပါအောင်ညည်းညူပြီတဲ့အခိုက်မှာတော့ ပါးစပ်မှလေပူကြီးကို ၀ှူးကနဲနေအောင်မှုတ်ထုတ်ပြီးတော့ `ဗိုက်ဆာလိုက်တာ၊ သားကြီးရာ၊ မင်းပုံပြင်လေးလုပ်စမ်းပါဦး.. ´ ဆိုပြီး အဆင်သင့်ချထားတဲ့ခုံကြီးပေါ်မှာ ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်ပါတော့တယ်.. ကျွန်တော်လည်းအဲဒီအချိန်မှာ လုပ်လက်စအလုပ်တွေကိုခဏရပ်ပြီး အောက်ပါပုံပြင်ကိုစတင်ပြီးပြောလိုက်ပါတော့တယ်..

....မင်းအခုထိုင်နေတဲ့ ကုလားထိုင်ကလေးဟာ ထန်းပလက်နဲ့လုပ်ထားတဲ့အတွက်အခုလို ပူလောင် နေတဲ့အချိန်မှာ အင်မတန်မှကို အေးမြနေတယ်.. ဇက်နေရာကို ၀ါးပိုးဝါးခပ်ကြီးကြီး ထပ်ခြမ်းခွဲပြီး လုပ်ထား တဲ့အတွက် အာရုံကြောတွေပေါက်ထွက်မတတ် တစ်နေကုန်အလုပ်လုပ်နေရတဲ့ ငါတို့ခေါင်းတွေတင်ဖို့ အတွက်အကောင်းဆုံးပဲဖြစ်တယ်.. အခုချိန်ကနေစပြီးတော့ မင်းခေါင်း နောက်ကိုမှီထားလိုက်ပေတော့.. တစ်ကမ္ဘာလုံးက ၀န်ထုပ်တွေကို မင်းဦးခေါင်းကနေလျှောချလိုက်ရသလို သဘောထားပြီး စိတ်လွတ်ကိုယ်လွတ် မှီထားလိုက်ပေတော့..အသက်ကိုဖြည်းဖြည်းရှုသွင်း၊ ရှုထုတ်ပြီးတစ်ကိုယ်လုံးမှာရှိတဲ့ အကြောတွေကို အပ်တစ် ထောက်စာမှမကျန်အောင် လျော့ကျသွားပြီလို့သဘောထားလိုက်ပေတော့.. မင်းအခုအိပ်ခွင့်ရနေတဲ့ ထန်းပလက် ကုလားထိုင်ကပေးစွမ်းတဲ့ အတွေ့အရသာမျိုးကို ကမ္ဘာ့သူဌေးကြီးတောင် ခံစားခွင့်မရတဲ့အတွက် မင်းလောက်ကံကောင်းတဲ့သူမရှိတော့ဘူး.. သဘာဝဆန်တဲ့အထိအတွေ့ကနေပြီးတော့ လောကကြီးရဲ့ ခွန်အားတွေ မင်းကိုယ်ထဲကိုတရှိန်ရှိန်နဲ့ဝင်နေပြီ.. ရေစီးထဲကိုအလိုက်သင့် မျောပါနေတဲ့ ဗေဒါပင်လို မင်းပယောဂမပါပဲ မင်းကိုယ်ခန္ဓာကိုယ်ကြီးကို အသာအယာတင်ထားလိုက်ပေတော့.. (အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်းဟာ လေငြိမ်တဲ့နေရာမှရှိတဲ့အလံလို ငြိမ်သက်နေပြီးမျက်စိကို အသာအယာမှိတ်လို့ အသက်ကို ခပ်ဖွဖွရှုလို့နေပါပြီ) မင်းအိပ်ခွင့်ရနေတဲ့ နေရာဟာ အင်မတန်မှကိုအရိပ်အာဝါသနဲ့ ပြည့်စုံတဲ့ ထနောင်းပင်ကြီးရဲ့ အရိပ်ကြောင့်နေဆယ်စင်းထွက်တာတောင် မင်းကိုယ်မှာချွေးတစ်ပေါက်မထွက်စေရဘူး လို့တောင်ထင်နေရတယ်..(အခုချိန်ကစပြီးသူ့ကိုရုံးခန်းကျဉ်းကျဉ်းကလေးထဲကနေအပြင်ကိုထုတ်လိုက်ပါပြီ) ဖိနပ်ချွတ်ထားတဲ့ မင်းခြေထောက်တွေကို ကုလားထိုင်ပေါ်ကိုတင်မထားပဲ အေးမြပြီးနူးညံ့တဲ့ သဲပြင် ဖွေးဖွေးလေးပေါ်ကို ချထားလိုက်ပေတော့.. သဲလေးတွေဟာလယ်ကွင်းစပ်ခင်တန်းလေးနားမှရှိတဲ့ ချောင်းလေးရဲ့ အစိုဓါတ်ကြောင့်အေးမြနေတယ်.. တစ်ချက်တစ်ချက်မှာ ရုတ်ကနဲတိုက်လာတဲ့ လေညှင်း ကလေးက မင်းမျက်နှာပေါ်ကျနေတဲ့ဆံပင်လေးတွေ လှုပ်သွားရုံထက် အနှောက်အယှက်ပိုမပေးနိုင်ပါဘူး.. လယ်ကွင်းစပ်မှစိုက်ထားတဲ့ ဖရဲခင်းတွေ၊ ငရုတ်ခင်းတွေကိုဖြတ်ပြီးရောက်လာတဲ့ လေညှင်းဧည့်သည်ဟာ မြေသင်းနံ့လက်ဆောင်နဲ့တစ်ကွသန့်စင်လတ်ဆတ်မှုတွေကိုပါသယ်ဆောင်လာတယ်.. အရပ်မျက်နှာမျိုးစုံက လာတဲ့လေသင်းနံ့ထဲမှာ အိမ်နောက်ဖက်မှာပုံထားတဲ့ကောက်ရိုးပုံက ကောက်ရိုးနံ့လေးတွေရယ်၊ ဟိုး ဝေးဝေး ကတောင်ယာမီးကြောင့်လွင့်ပါလာတဲ့ ခပ်ရှရှမီးခိုးနံ့လေးတွေရယ်၊ နွားခလောက်သံသဲ့သဲ့လေးတွေရယ်ကို ပကာသနမပါပဲ အရိုးခံအတိုင်းသယ်ဆောင်လာပေးတယ်.. အသံတစ်ခုချင်းစီကိုကွဲကွဲပြားပြားမကြားရပေမယ့် ရောကာ၊ ထွေးကာနဲ့ဝေးရာမှနီး၊ နီးရာမှဝေးပြီးသဲ့သဲ့ခပ်ခပ်ကလေးကြားနေရတယ်.. ကံကောင်းတဲ့အခိုက်များ ဆိုရင် ရွာဦးဘုန်းကြီးကျောင်း စူဠာမဏိစေတီတော်လေးက ဆည်းလည်းသံကလေးတွေကိုတောင် သဲသဲကွဲကွဲ ကြားခွင့်ရပါသေးတယ်.. ထင်ထင်ရှားရှားကြားရတာကတော့ ဥသြငှက်သံလေးပါပဲ.. အို.. ဥသြငယ်.. မင်းဘယ်နေရာကအော်မြည်နေပါလိမ့်.. မင်းအသံလေးကိုကြားရင် ဘယ်ဆီဘယ်ဝယ်ကိုတောင် လွမ်းရမှန်း မသိတော့ပါဘူးကွယ်.. ပတ်ဝန်းကျင်တစ်ခုလုံးဟာ လိမ္မော်ရောင်တောက်ပလို့နေတယ်.. ပြာလဲ့နေတဲ့ ကောင်းကင်ပြင်ကြီးထဲမှာ တိမ်မျှင်တိမ်စဆိုလို့ကြက်မတစ်ဝပ်စာလောက်တောင်မရှိဘူး.. အ၀ါရောင်ရိုးပြတ် တစ်မျှော်တစ်ခေါ်ကြီးနဲ့ အပြာရောင်ကောင်းကင်ပြင်ကြီးဟာ မိုးကုတ်စက်ဝိုင်းဆီမှာ ပေါင်းစုံနေတယ်..တစ်ခဲနက်စိမ်းစိုနေတဲ့ သစ်ပင်အုပ်အုပ်များရှိတဲ့ခင်တန်းလေးကအပြာရောင်နဲ့ အ၀ါရောင်ကိုနယ်နမိတ် သတ်မှတ်ပေးထားတယ်.. လေရူးရဲ့ကျီစယ်မှုကြောင့်ကြွေလွင့်လာရတဲ့ရွက်ခြောက်လေး တစ်ချို့မှအပမင်းမှာ ဘာအနှောက်အယှက်မှမရှိဘူး.. ငြမ်းချမ်းမှုသန္တိသုခဟာပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားတယ်.. ပိတောက်ပင် ကြီးအောက်မှာရှိတဲ့ကောက်ရိုးပုံနားမှာ ညိုပြာကြီးတောင် ခေါင်းကြီးစင်းပြီး ပျင်းတိ၊ပျင်းတွဲ လဲလျောင်းပြီးစားမြုံ့ပြန်နေလေရဲ့.. လှုပ်ရှားမှုဆိုလို့အိနြေ္ဒရရလှုပ်နေတဲ့ ညိုပြာကြီးရဲ့အောက်မေးရိုးကြီးရယ်၊ ချောင်းကလေးထဲမှာရေကူးနေတဲ့ဘဲတစ်အုပ်ရယ်၊ မြေကြီးကိုကုတ်ခြစ်ဆွဲဖွပြီး အစာရှာနေတဲ့ ကြက်သားအုပ်မကြီးတစ်စုရယ်ပဲ ရှိတယ်.. ကျီးစောင့်၊ကြက်နှင်မှာအားကိုးရတဲ့ ဂုတ်ကြားတောင်မှ ကြက်မကြီး ရွှေနီကိုရန်လုပ်ချင်စိတ်မရှိအောင် အေးချမ်းတိတ်ဆိတ်နေတယ်.. တခါတရံလယ်ကွင်းထဲက လှည်းလမ်း ကြောင်းမှလွင့်ပျံတက်လာတဲ့ ဖုန်လုံးဖြူဖြူတွေတောင်မှပတ်ဝန်းကျင်ကို အနှောက်အယှက်မပေးချင်သလို လေးလေးတွဲ့တွဲ့ တလူလူလွင့်နေတယ်.. ချိမြမွှေးကြိုင်နေတဲ့လေညင်းလေးကြောင့် ခန္ဓာဝန် ဟာသဘာဝကျကျလတ်ဆတ်နေတယ်.. မြို့ရွာအူသံ၊ဆူသံဝေးပြီး အေးချမ်းတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဟာ အဆုံးမရှိတဲ့ရောင့်ရဲနှစ်သိမ့်မှုပိတီတွေ ဖြစ်ပေါ်စေတယ်.. စိမ့်စိမ့်သည်းသည်းရှိလှတဲ့ထနောင်းရိပ် အောက်က ထန်းသားနံ့သင်းနေတဲ့ ပက်လက်ကုလားထိုင်လေးပေါ်မှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကိုအဖော်ပြုရင်းစိတ်လွတ်၊ ကိုယ်လွတ်အနားယူခွင့်ရတဲ့သူလောက်ဘယ်သူကံကောင်းနိုင်ပါ့မလဲ.. ဘယ်သူလူဖြစ်ရကျိုးနပ်ပါလိမ့်မလဲ..
(ကျွန်တော့်ရဲ့ ပုံပြင်လေးဟာ သူငယ်ချင်းရဲ့ဟောက်သံတရှုးရှုးထွက်လာချိန်မှာအဆုံးသတ်သွားခဲ့ပါပြီ.. နောက်တစ်နေ့မနက်ဖြန်မှာလည်း သူငယ်ချင်းကိုပုံပြင်ပြောပြရင်း ကျွန်တော်ကိုယ်တိုင်အတွက်လည်း နှလုံးသားအဟာရကိုစိတ်ကူးနဲ့ဖြည့်တင်းရပါဦးမယ်..သူငယ်ချင်းတို့တွေလည်း ကိုယ်စိတ်နှလုံး ပင်ပန်းနေပြီး အနားယူဖို့လိုအပ်နေချိန်မှာ မြေသင်းနံ့လေးတွေကိုအာရုံပြုလိုက်ပါ.. သဘာဝရဲ့ထာဝရအလှကိုမြင်အောင် ကြည့်လိုက်ပါ.. ဟော.. ကြားရဲ့လား.. ဥသြသံလေး.. ရှုရှိက်မိရဲ့လား.. လတ်ဆတ်သန့်စင်တဲ့ လေပြည်နဲ့အတူလွင့်ပါလာတဲ့ တောနံ့၊ တောင်နံ့.. )

(ရန်ကုန်မြို့လည်ကောင်က တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ သူငယ်ချင်းတစ်ယောက်ကို ဆယ်ခါထက်မနည်း ပြောခဲ့သောပုံပြင်လေးဖြစ်ပါတယ်..)

Read More...